top of page

မေးလေ့မေးထရှိသော အမေးများနှင့် အဖြေများ

ကိုဗစ်-၁၉ ရောဂါဆိုသည်မှာဘာလဲ။

ကိုဗစ်-၁၉ ရောဂါဆိုသည်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ ၌စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးဖြစ်သော Severe Acute Respiratory Syndrome Coronavirus 2 (SARS-CoV-2) ကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်ခုဖြစ်ပါသည်။

ဘာကြောင့် ကိုဗစ်-၁၉ ဟုခေါ်ဆိုပါသလဲ။

ကိုဗစ်-၁၉ (COVID-19) ဆိုသည်မှာ Coronavirus Disease 2019 ကိုအတိုကောက်ခေါ်ဝေါ်ထားခြင်းဖြစ်ပြီး CO ဆိုသည်မှာ Corona, VI ဆိုသည်မှာ Virus ဖြစ်ပြီး D ဆိုသည်မှာ Disease နှင့် 19 ဆိုသည်မှာ ၂၀၁၉ ခုနှစ် တွင် ဤရောဂါကို စတင်တွေ့ရှိခဲ့သည့်နှစ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါပိုး မျိုးစိတ် ဘယ်နှစ်မျိုးရှိသလဲ။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကုန်အထိတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါပိုး၏ ပြန့်ပွားနှုန်း၊ ရောဂါပြင်းထန်မှုတို့ အပေါ်မူတည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရေးကြီးသည်ဟုသတ်မှတ်ထားသောဗီဇပြောင်းမျိုးကွဲ  (Variants of Concern)အဖြစ် အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ အိုမီကရွန် နှင့် အာရုံစိုက်စောင့်ကြည့် နေရသောဗီဇပြောင်းမျိုးကွဲ (Variants of Interest) အဖြစ် လမ်ဒါနှင့် မြူ တို့ကို တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့် အဓိကနည်းပညာ ဘယ်နှစ်မျိုးရှိပါသလဲ။

လူ့ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေဘဲ ရောဂါခုခံအားကိုမြှင့်တင်ပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့် အဓိကနည်းပညာ (၃) မျိုးရှိပါသည်။

(၁) ရောဂါပိုးတစ်ကောင်လုံးကို အသုံးပြု၍ ကာကွယ်ဆေးထုတ်လုပ်သောနည်းပညာ (The Whole-microbe Approach)

၎င်းနည်းပညာတွင် အဓိကအားဖြင့် 

-အာနိသင်ကိုချိုးနှိမ်ထားသော ရောဂါပိုးအရှင်ကိုအသုံးပြုထားသော ကာကွယ်ဆေး (Live-attenuated Vaccine) 

-ရောဂါဖြစ်စေနိုင်သည့်အစွမ်းကို သတ်ထားသည့်ရောဂါပိုးကို အသုံးပြုထားသော ကာကွယ်ဆေး (Inactivated Vaccine) 

ဥပမာ- Sinovac, Sinopharm, Covaxin ကိုဗစ်-၁၉ ကာကွယ်ဆေးများ

-ရောဂါပိုး၏ အစိတ်အပိုင်းတစ်ခုကို သယ်ဆောင်ပေးသော အန္တရာယ်မရှိသည့် အခြားဗိုင်းရပ်စ်ပိုးကို အသုံးပြုထားသော ကာကွယ်ဆေး

(Viral Vector Vaccine)

ဥပမာ- AstraZeneca/ Covishield, Janssen (Johnson & Johnson) ကိုဗစ်-၁၉ ကာကွယ်ဆေးများ

 (၂) လူခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ခုခံတိုက်ဖျက်ရန်မှတ်မိသော ပိုးကောင်၏ပရိုတိန်းအစိတ်အပိုင်းကိုအသုံးပြု၍ ကာကွယ်ဆေးထုတ်လုပ်သောနည်းပညာ (The Subunit Approach)

ဥပမာ- Novavax/ Covovax ကိုဗစ်-၁၉ ကာကွယ်ဆေး

(၃) ရောဂါပိုး၏ မျိုးရိုးဗီဇကို အသုံးပြု၍ကာကွယ်ဆေးထုတ်လုပ်သောနည်းပညာ (The Genetic Approach/Nucleic Acid Vaccine)

-ရောဂါပိုး၏မျိုးရိုးဗီဇ မော်လီကျူးတစ်ခုဖြစ်သော ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုလှုံ့ဆော်ပေးနိုင်သည့် messenger RNA အသုံးပြု၍ထုတ်လုပ်ထားသည့်ကာကွယ်ဆေး (mRNA Vaccine) 

ဥပမာ- Pfizer, Moderna ကိုဗစ်-၁၉ ကာကွယ်ဆေးများ

Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးက ဘယ်လိုအမျိုးအစားကာကွယ်ဆေးဖြစ်သလဲ။

Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးသည် လူ့ခန္ဓာကိုယ်ကို ဘေးအန္တရာယ်မဖြစ်စေဘဲ ပွားများနိုင်ခြင်းမရှိတော့သည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများပါဝင်သော (Inactivated) ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အတွင်းမှ ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးခြင်းဖြင့် ပဋိပစ္စည်းများ (Antibodies) ထွက်စေပြီး ကိုဗစ်-၁၉ရောဂါကို ကာကွယ်ပေးပါသည်။ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာ ဖြစ်ပေါ်လာနိုင်မှုအနည်းဆုံးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။

Sinvoac ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဘယ်နှစ်ကြိမ် ထိုးနှံရသလဲ။

Sinovac ကိုဗစ် - ၁၉ ကာကွယ်ဆေးသည် ပထမအကြိမ်ထိုးနှံပြီး (၂) ပတ် မှ (၄) ပတ် (၂၈ ရက်ခန့်) ခြားပြီး ဒုတိယအကြိမ်ထိုးနှံရပါမည်။ အချို့နိုင်ငံများတွင် ကာကွယ်နိုင်မှုပိုမိုရရှိစေရန် တတိယအကြိမ်ကို ဒုတိယအကြိမ် ထိုးနှံပြီး (၃) လမှ (၆) လခြား၍ ထိုးနှံပေးလျက်ရှိပါသည်။

Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးကို မည်သည့်အသက်အရွယ်မှစတင်ပြီး ထိုးနှံ၍ရသလဲ။

Sinovac ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများအရ မြန်မာနိုင်ငံတွင် အသက် (၁၂) နှစ်နှင့် အထက် လူငယ်များအပါအဝင်၊ လူကြီးများနှင့် ရောဂါအခံရှိသော သက်ကြီးရွယ်အိုများကို ထိုးနှံခွင့်ပြုထားပါသည်။

ကမ္ဘာပေါ်တွင် Sinovac ကိုဗစ် -၁၉ ကာကွယ်ဆေး လွှမ်းခြုံမှု မည်မျှရှိပြီလဲ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ မှတ်တမ်းများအရ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံပေါင်း (၆၀) ခန့်တွင် ဆေးအကြိမ်ရေ သန်းပေါင်း ၂,၄၀၀ အထိဖြန့်ချိခဲ့ပြီးဖြစ်ပြီး အကြိမ်ရေ သန်းပေါင်း ၂,၀၀၀ ခန့်အထိ ထိုးနှံခဲ့ပြီးဖြစ်ပါသဖြင့် ယခုအချိန်အထိကမ္ဘာပေါ်တွင် အသုံးအများဆုံးသော ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အနေနဲ့ ထိုးလို့ရပါသလား။

ကိုဗစ်-၁၉ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများ အမျိုးအစားတူ သို့မဟုတ် အမျိုးအစားကွဲ ကာကွယ်ဆေးများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အနေဖြင့် ထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအန္တရာယ်ကိုပိုမိုလျှော့ချပေးနိုင်ပါသည်။ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးနှံပြီး (၃) လ မှ (၆) လ ခြား၍ ထိုးနှံနိုင်ပါသည်။

အဖျားရှိနေလျှင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံလို့ရပါသလား။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် မိမိတွင်ရှိနေသော ရောဂါလက္ခဏာများပိုမိုဆိုးဝါးလာနိုင်သဖြင့် ကိုယ်အပူချိန်မြင့်တက်နေပါက ကာကွယ်ဆေးမထိုးနှံသင့်ပါ။

ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အခြားရောဂါအခံရှိသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလို့ရပါသလား။

ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အခြားရောဂါအခံရှိသူများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့် ဦးစားပေးအုပ်စုတွင် ပါဝင်သောသူများဖြစ်သဖြင့် ကာကွယ်ဆေးမထိုးနှံရသေးပါက အမြန်ဆုံးထိုးနှံသင့်ပါသည်။ ကာကွယ်ဆေးထိုးနှံမည့်နေ့တွင် သောက်သုံးနေကျဆေးများရှိပါက ပုံမှန်အတိုင်းသောက်ခဲ့ရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါခံစားရဖူးပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံလို့ရပါသလား။

ကိုဗစ်-၁၉ ရောဂါ ခံစားခဲ့ရဖူးသော်လည်း ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီး (၁) လ အကြာတွင် ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။

ကိုဗစ်-၁၉ ရောဂါခံစားဖူးသောလူနာများသည် အချိန်အတိုင်းအတာ တစ်ခုအထိ သာ ကာကွယ်နိုင်ပြီး ရောဂါပြန်လည်ကူးစက်ခံရနိုင်ပါသည်။ သုတေသနစာတမ်းများအရ ရောဂါခံစားရပြီး သူများ ကာကွယ်ဆေးထိုးနှံပါက ရောဂါပြန်လည်ဖြစ်ပွားမှုကိုပိုမိုကာကွယ်နိုင်ပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအား မည်သူတို့တွင် ထိုးနှံရန်မသင့်သလဲ။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွင်ပါရှိသောပစ္စည်းများနှင့် ပြင်းထန်သောဓာတ်မတည့်မှုရာဇဝင်ရှိသူများနှင့် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားကို ပထမအကြိမ်ထိုးနှံစဉ် ပြင်းထန်သော ဓာတ်မတည့်မှုရာဇဝင်ရှိသူများ မထိုးနှံသင့်ပါ။

ကာကွယ်ဆေးထိုးနှံပြီးပါက မည်ကဲ့သို့ဆက်လက်လုပ်ဆောင်သင့်သလဲ။

ကာကွယ်ဆေးထိုးနှံပြီးပါက -

  • ကာကွယ်ဆေးထိုးထားသော နေရာအား ချေခြင်း၊ ရေနွေးကပ်ခြင်း မပြုလုပ်ရပါ။

  • ကာကွယ်ဆေးထိုးထားသော နေရာမှ နာကျင်ပါက ရေခဲကပ်နိုင်ပါသည်။

  • ကိုယ်အပူချိန် တက်လျှင် ပါရာစီတမော (Paracetamol) သောက်သုံးနိုင်ပါသည်။

  • ကာကွယ်ဆေးထိုးနှံပြီး (၂၄) နာရီကျော်အထိ ကိုယ်အပူချိန်တက်နေပါက နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်ပါသည်။

  • သွေးလှူဒါန်းလိုပါက ကာကွယ်ဆေးထိုးပြီး အနည်းဆုံး (၇) ရက်ကြာပြီးမှ လှူဒါန်းပါရန်၊ ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်အပူချိန်တက်ခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသောနောက်ဆက်တွဲကျန်းမာရေးပြဿနာများရှိပါက ရောဂါလက္ခဏာများအားလုံး သက်သာပျောက်ကင်းပြီး (၇) ရက်ကြာပြီးမှ လှူဒါန်းရပါမည်။

  • ကာကွယ်ဆေးထိုးသည့်နေရာတွင် ပြည်တည်ခြင်း၊ မာခဲခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့သွားရောက် ပြသရန်လိုအပ်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာတွင် မည်သည့်ကာကွယ်ဆေးများထိုးနှံနိုင်ပါသလဲ။

လတ်တလောတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီဌာန (FDA) တို့မှ အသိအမှတ်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် တရုတ်နိုင်ငံ Sinovac Biotech Ltd မှ ထုတ်လုပ်သည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၁၂) နှစ်နှင့် အထက်ရှိသူ များကို ထိုးနှံပေးလျက်ရှိပါသည်။ ဆက်လက်၍ WHO နှင့် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီဌာန (FDA) တို့မှ အသိအမှတ်ပြုထားသည့် အခြားကာကွယ်ဆေးများကိုလည်း ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာမှာ ကာကွယ်ဆေးထိုးလိုပါက မည်ကဲ့သို့စာရင်းပေးသွင်းနိုင်ပါသလဲ။

CLL ကာကွယ်ဆေးထိုးစင်တာ၏ အင်တာနက်စာမျက်နှာ www.cllvax.com မှ ဝင်ရောက်၍သော် လည်းကောင်း Call Center ၀၉-၈၈၀-၄၄ ၂၂ ၃၃ သို့ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အချိန်အတွင်း ဆက်သွယ်၍သော်လည်းကောင်း စာရင်းပေးသွင်း နိုင်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာသည် မည်သည့်အချိန် ဖွင့်လှစ်ပါသလဲ။

CLL ကာကွယ်ဆေးထိုးစင်တာသည် နံနက် (၉) နာရီ မှ ညနေ (၄) နာရီ ထိ ပိတ်ရက်မရှိ နေ့စဉ် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးထိုးရန် စာရင်းပေးသွင်းပြီးပါက ငွေပေးချေရန် မည်ကဲ့သို့လုပ်ဆောင်ရမလဲ။

ကာကွယ်ဆေးအမျိုးအစားနှင့် ထိုးနှံမည့်အကြိမ်အရေအတွက်အပေါ်မူတည်၍ ကျသင့်ငွေပမာဏကို CLL ကာကွယ်ဆေးထိုးစင်တာတွင် ငွေသားဖြင့် လာရောက်ပေးချေ၍ဖြစ်စေ၊ အွန်လိုင်းငွေပေးချေသောနည်းတို့နှင့်ဖြစ်စေ ကြိုတင်ငွေပေးချေနိုင်ပါတယ်။

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးထိုးနှံရန် ငွေပေးသွင်းပြီးပါက မည်ကဲ့သို့ရက်ချိန်း ရယူရမလဲ။

ကာကွယ်ဆေးထိုးနှံရန် ငွေးပေးချေပြီးနောက် မိမိအဆင်ပြေသော နေ့ရက်နှင့်အချိန်ကို CLL ကာကွယ်ဆေးထိုး စင်တာ၏အင်တာနက် စာမျက်နှာမှတဆင့် ဝင်ရောက်ရွေးချယ်နိုင်ပါသည်။

ကာကွယ်ဆေးထိုးနှံရန် ရက်ချိန်းရယူထားပြီး ရက်အပြောင်းအလဲပြုလုပ်လိုပါက မည်ကဲ့သို့လုပ်ဆောင်ရမလဲ။

ရယူထားပြီးသောကာကွယ်ဆေးထိုးနှံမည့် နေ့ရက်နှင့် အချိန် တို့ကို ပြောင်းလဲလိုပါက Call Centre ဖုန်း ၀၉-၈၈၀-၄၄ ၂၂ ၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ ပြောင်းလဲနိုင်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာကို လာရောက်ဆေးထိုးနှံသည့်အခါ ဘာတွေယူဆောင်လာရမလဲ။

  • မိမိဓာတ်ပုံပါအထောက်အထားကတ်တစ်ခုခု/နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် ယူဆောင်လာပါရန်

  • ရက်ချိန်းရယူထားသော Booking ID QR ကုဒ်

  • ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအတွက် ကျန်းမာရေးဆိုင်ရာမေးခွန်းများ ပုံစံစာရွက်တွင် ကြိုတင်ဖြည့်စွက်ထားပါက ဖြည့်စွက်ပြီးသော ပုံစံစာရွက်ကို ယူဆောင်လာပါရန်

  • ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်လာပါရန်

  • မိမိ၏ကာကွယ်ဆေးထိုးရက်ချိန်းဖြစ်သော နေ့ရက်နှင့်အချိန်အတိုင်းလာ‌‌ရောက်ပါရန်

ကာကွယ်ဆေးထိုးနှံခြင်းအား မည်သည့်အခြေအနေတွင်ရက်ရွှေ့ဆိုင်းရန်လိုအပ်ပါသလဲ။

ကာကွယ်ဆေးထိုးနှံမည့်နေ့တွင် ကိုယ်အပူအချိန်မြင့်တက်နေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိသော ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ခံစားနေရပါက ကာကွယ်ဆေးထိုးနှံခြင်းအား ရက်ရွှေ့ဆိုင်းရန် လိုအပ်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာတွင် သက်ကြီးရွယ်အိုများ၊  မသန်စွမ်းသူများ လာရောက်ဆေးထိုးနှံနိုင်ပါသလား။

CLL ကာကွယ်ဆေးထိုးစင်တာတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်ပါသောမိသားစုများအတွက် စင်တာအတွင်းသို့ဝင်ရောက်ရန် ဦးစားပေးလမ်းကြောင်းစီစဉ်ထားရှိပြီး ကာကွယ်ဆေးထိုးနှံမှုအဆင့်တိုင်းတွင်အဆင်ပြေချောမွေ့စေရန် အထူးစီစဉ်ထားရှိပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာတွင် ဘေးကင်းစိတ်ချရသော ကာကွယ်ဆေးထိုးနှံမှု (Immunisation Safety) အတွက် မည်ကဲ့သို့စီစဥ်ဆောင်ရွက်ထားပါသလဲ။

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးများလက်ခံရရှိသည့်အချိန်မှစ၍ ထိုးနှံပြီးသည်ထိ အဆင့်တိုင်းတွင် မှန်ကန်စိတ်ချရသောအအေးလမ်းကြောင်းနည်းပညာများကို အသုံးပြု၍ သတ်မှတ်အပူချိန်အတွင်း ရှိ/မရှိကို (၂၄) နာရီ မှတ်တမ်းတင်ထားပြီးအရည်အသွေးပြည့်ဝသည့် ကာကွယ်ဆေးများကို ထိုးနှံပေးမည်ဖြစ်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာ၏ ကာကွယ်ဆေးထိုးခန်းတိုင်းတွင် အရေးပေါ်သုံးဆေးဝါးများ ထားရှိပေးထားပြီး အတွေ့အကြုံရှိသည့် အရေးပေါ်ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် အရေးပေါ်ဆေးကုသရေးအဖွဲ့ (Emergency Medical Team) နှင့် လိုအပ်သောဆေးဝါးများ၊ အောက်ဆီဂျင်လိုင်းများ၊ လူနာအခြေအနေစောင့်ကြည့်စက်များ၊ အရေးပေါ်နှလုံးနှိုးစက်များ၊ အသက်ရှုစက်များ အစရှိသော ဆေးပစ္စည်းကိရိယာများအား ခေတ်မီဆေးရုံများရှိ အရည်အသွေးမြင့် အရေးပေါ်ကုသရေးဌာန တစ်ခုတွင် ကုသပေးနိုင်သည့်အတိုင်း စနစ်တကျပြင်ဆင်ထားရှိပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာမှ ကာကွယ်ဆေးထိုးနှံပြီးကြောင်းလက်မှတ် ထုတ်ပေးပါသလား။

ကာကွယ်ဆေးထိုးနှံပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြား (COVID-19 Vaccination Record Card) နှင့် CLL ကာကွယ်ဆေးထိုးစင်တာမှပေးသော ကာကွယ်ဆေးထိုးမှတ်တမ်းစာအုပ် (Vaccination Record Book) တို့ကို ရရှိမည်ဖြစ်ပါသည်။

CLL Call Centre Outside.JPG

ထပ်မံသိရှိလိုသည်များကို
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

bottom of page