top of page

အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ

Jan 23, 2022

အခြားသောဗိုင်းရပ်စ်ပိုးများကဲ့သို့ပင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည်လည်း လူတစ်ဦးနှင့်တစ်ဦးကူးစက်ပြန့်ပွားမှု အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ မျိုးဗီဇပြောင်းပိုးအသစ်များပြောင်းလဲလာပြီး ယင်းကဲ့သို့ပြောင်းလဲလာခြင်းကြောင့် ဗိုင်းရပ်စ်ပိုး၏ ရောဂါဖြစ်စေသည့်စွမ်းရည်သတ္တိများပါ လိုက်ပါပြောင်းလဲလာပြီး ရောဂါကူးစက်ပျံ့နှံ့လွယ်မှု၊ ရောဂါလက္ခဏာများပြင်းထန်မှု၊ ကာကွယ်ဆေးများ၏စွမ်းဆောင်ရည်၊ ကုသနိုင်သောဆေးဝါးများ၏ထိရောက်မှု၊ ရောဂါရှာဖွေစစ်ဆေးခြင်းများ၏မှန်ကန်မှုများကို အပြောင်းအလဲဖြစ်စေနိုင်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် လူမှုရေးဆောင်ရွက်ချက်များကဲ့သို့သောအရာများအပေါ် အကျိုးသက်ရောက်မှုဖြစ်စေပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကျွမ်းကျင်ပညာရှင်များကွန်ရက်၊ အာဏာပိုင်အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်းဆောင်ရွက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကတည်းကပင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ ပြောင်းလဲ ဖြစ်ပေါ် လာမှုများကိုစောင့်ကြပ်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံး စောင့်ကြည့်လေ့လာရေးနှင့် သုတေသနလုပ်ငန်းများ ဦးစားပေးလုပ်ဆောင်နိုင်ကြရန်နှင့် အရေးပေါ်တုန့်ပြန်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြရန်အတွက် မျိုးဗီဇပြောင်းရောဂါပိုးများကို အမျိုးအစားသတ်မှတ်ပေးခဲ့ကြပါသည်။ ၎င်းတို့မှာ
အာရုံစိုက်စောင့်ကြည့်နေရသော ဗီဇပြောင်းမျိုးကွဲ (Variants of Interest) နှင့် အရေးကြီးသည်ဟု သတ်မှတ်ထားသော
ဗီဇပြောင်းမျိုးကွဲ (Variants of Concern) ဟူ၍ ဖြစ်သည်။ မျိုးဗီဇပြောင်းရောဂါပိုးအမျိုးအစားများကိုခွဲခြားရာတွင် ရောဂါကူးစက်ပြန့်ပွားလွယ်မှု၊ ရောဂါလက္ခဏာပြင်းထန်မှု၊ ကုထုံးများအပေါ်သက်ရောက်မှု၊ ကာကွယ်ဆေးများ၏
ရောဂါကာကွယ်ခြင်းများအပေါ်သက်ရောက်မှုတို့အပေါ်မူတည်၍ သတ်မှတ်ထားပါသည်။

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် အိုမီခရွန်မျိုးကွဲ (B.1.1.529) တွေ့ရှိမှုကို ကမ္ဘာကျန်းမာရေးအဖွဲ့သို့ သတင်းပို့ ခဲ့ပြီး ထိုမျိုးကွဲကို အရေးကြီးသည်ဟုသတ်မှတ်ထားသော ဗီဇပြောင်းမျိုးကွဲအဖြစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ တွင် ကမ္ဘာကျန်းမာရေးအဖွဲ့မှ သတ်မှတ်ခဲ့ပါသည်။ အိုမီခရွန်မျိုးကွဲကူးစက်ခံရမှုကို ကမ္ဘာတစ်ဝှမ်းလုံးတွင် တွေ့ရှိလျက်ရှိပြီး
ယင်းမျိုးကွဲသည်အလွန်လျင်မြန်သည့်နှုန်းဖြင့် ကူးစက်ပျံ့နှံလျက်ရှိပါသည်။ အိုမီခရွန်သည် လူ၏ဆဲလ်များကို ပိုမိုလွယ်ကူစွာ တွယ်ကပ်နိုင်ပြီး ယခင်ကူးစက်ခံရမှုရှိသူများတွင်သာမက ကာကွယ်ဆေးထိုးနှံထားသူများကိုပါ ပြန်လည်ကူးစက်ဖြစ်ပွား နိုင်ပါသည်။ ထို့ပြင်အသက်ရှူလမ်းကြောင်းအောက်ပိုင်းအဆုတ်အတွင်းပွားများသော ဒယ်လ်တာ နှင့် အခြားမျိုးကွဲများ အပါအဝင် မူရင်းမျိုးများနှင့်မတူဘဲ အိုမီခရွန်သည် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းအတွင်း ပွားများခြင်းကြောင့် အိုမီခရွန်မျိုးကွဲသည် ပိုမိုလွယ်ကူစွာကူးစက်ပြန့်ပွားစေပါသည်။ လေ့လာတွေ့ရှိချက်များအရ အိုမီခရွန်မျိုးကွဲကြောင့် ဖြစ်ပေါ်တတ်သော ရောဂါပြင်းထန်မှုသည် ဒယ်လ်တာ မျိုးကွဲနှင့်နှိုင်းယှဉ်လျှင် လျော့နည်းသော်လည်း ဆေးရုံတက်ရောက် ကုသရခြင်းနှင့် ဆေးကုသမှုခံယူရခြင်းများ အမြောက်အများရှိနေသေးသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ အရေအတွက် များပြားလွန်းသည့်အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးအပေါ်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်စေလျက်ရှိသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ဒယ်လ်တာနှင့်အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများကြောင့် ပြင်းထန်စွာဖျားနာခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်းနှင့် သေဆုံးခြင်းအန္တရာယ်တို့မှ လျှော့ချပေးနိုင်သော်လည်း ကာကွယ်ဆေးထိုးနှံပြီးသည့်တိုင် ခပ်ခွာခွာနေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ လေဝင်လေထွက်ကောင်းမွန်သောနေရာတွင်နေထိုင်ခြင်းနှင့် လက်ကိုစင်ကြယ်အောင်ဆေးကြောခြင်း အစရှိသော ဘေးကင်းလုံခြုံစိတ်ချရသော နည်းလမ်းများကို မိမိတို့မှ ဆက်လက်လိုက်နာလုပ်ဆောင်ရန်အထူးလိုအပ်လှပေသည်။

ကိုးကားချက်။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

References:
1. World Health Organization (WHO), Tracking SARS-CoV-2 variants (https://www.who.int/en/activities/tracking-SARS-CoV-2-variants/)
2. World Health Organization (WHO), Update on Omicron (https://www.who.int/news/item/28-11-2021-update-on-omicron)
3. World Health Organization (WHO), Statement by Dr Hans Henri P. Kluge, WHO Regional Director for Europe (https://www.euro.who.int/en/media-centre/sections/statements/2021/statement-update-on-covid-19-omicron-is-gaining-ground-protect,-prevent,-prepare)
4. World Health Organization (WHO), Dr Van Kerkhove explains why Omicron is transmitting so efficiently & how to contain the spread (https://www.youtube.com/watch?v=gw2WPl4EICw)

bottom of page